Saturday 19 July 2014

Fire Protection System (3)

Dry Riser, Wet Riser System

Dry/Wet riser တွေကို လှေခါး staircase တွေမှာ၊ ဒါမှမဟုတ် smoke stop lobby, fire fighting lobby တွေမှာ တပ်ဆင်လေ့ရှိပါတယ်။ အဓိကကတော့ မီးသက်သမားတွေ သုံးဖို့ပဲဖြစ်ပါတယ်။ အထပ်မြင့်အဆောက်အဦးတွေမှာ မီးလောင်မှုဖြစ်ရင် မီးသက်ကားက လှေခါးတွေ ပိုက်တွေနဲ့ မမှီနိုင်တော့ပါဘူး။ အဲဒါကြောင့် မီးသက်သမားတွေ အဆင်သင့်တက်သွားပြီး မီးငြိမ်းနိုင်အောင် ဒီdry/wet riser တွေကို တပ်ဆင်ရခြင်းပဲဖြစ်ပါတယ်။ သူကလည်း ခုနက hose reel တွေလိုပဲ ပိုက်ပျော့ကို ခွေထားတာပါပဲ။ ဒါပေမယ့် သူကအရွယ်အစားကြီးပြီး ၆၅ မီလီမီတာ ရှိပါတယ်။ မီးသက်ကားတွေမှာပါတဲ့ ပိုက်နဲ့ ရွယ်တူပါပဲ။

အထပ်အမြင့်နဲ့ အဆောက်အအုံအရွယ်အစားအပေါ်မူတည်ပြီး နောက်က သံပိုက်တွေရဲ့ အရွယ်အစားလည်း ကွာခြားပါတယ်။ ၁၀၀ မီလီမီတာကနေ ၂၀၀ မီလီမီတာအထိ ရှိပါတယ်။ ဒါပေမယ့် ရှေ့မှာတပ်ဆင်ဖို့ ပိုက်ပျော့ hose ကတော့ ၆၅ မီလီမီတာက စံပဲဖြစ်ပါတယ်။ မီးသက်သမားလည်း ကိုင်တွယ်နိုင် မီးလည်း ထိထိရောက်ရောက်သက်နိုင်တဲ့ ပမာဏပဲဖြစ်ပါတယ်။ ပိုက်ပျော့ဟာ ပိုက်မာနဲ့ တခါတည်း ဆက်ထားတာမဟုတ်ပါဘူး။ အသုံးပြုဖို့လိုတဲ့အခါကျမှသာ ခေါင်းချင်း ဆက်လိုက်ရုံပါပဲ။
Dry riser ရေသွင်းရန် breeching inlets
အဲဒီသံပိုက်တွေဟာ မြေညီထပ်အထိ ဆင်းသွားပါတယ်။ ဆိုလိုတာက အဲဒီပိုက်တွေကို မြေညီထပ်ကနေ ရေပေးသွင်းရပါတယ်။ ပိုက်ထဲမှာ ရေအဆင်သင့် ရှိနေရင် wet riser လို့ခေါ်ပြီး ပိုက်ထဲမှာ ရေအဆင်သင့် ရှိမနေဘဲ သုံးခါနီးမှ မီးသက်သမားတွေက ရေသွင်းရရင် dry riser  လို့ခေါ်ပါတယ်။ ရေသွင်းတဲ့နေရာမှာလည်း မီးသက်ကားထဲက ရေကို သွင်းလို့ရသလို အနီးဆုံးမှာရှိတဲ့ fire hydrant တွေကနေလည်း ယူလို့ ရပါတယ်။



မြေညီထပ်မှာရှိတဲ့ ရေသွင်းရတဲ့ပွိုင့်ကို breeching inlet လို့ခေါ်ပါတယ်။ breeching inlet  မှာ  2 ways နဲ့ 4 ways ဆိုပြီးလည်း ရှိပါသေးတယ်။ ရေသွင်းနိုင်တဲ့ခေါင်း ၂ ခုရှိရင် 2 ways ၄ခုရှိရင် 4 ways လို့ခေါ်တာပဲဖြစ်ပါတယ်။ အထပ်အမြင့်နဲ့ သုံးမယ့်ခေါင်း အရည်အတွက်ပေါ် မူတည်ပြီး သုံးကြတာ ဖြစ်ပါတယ်။ အရေးကြီးတာ တစ်ခုက ဒီ breeching inlet  တွေကို earthling လုပ် ရတာ တစ်နည်း ground  ချရတာပဲဖြစ်ပါတယ်။ ရေတွေရှိနေသလို မီးသက်သမားတွေလည်း တိုက်ရိုက်အသုံးပြုရတဲ့ အရေးကြီးတဲ့နေရာဖြစ်တဲ့အတွက် မတော်တဆ လျှပ်စစ်စီးဝင်မှုရှိနေရင် ကာကွယ်ဖို့ပါပဲ။

အစပိုင်းမှာ ပြောခဲ့လိုပဲ ဒီပိုက်တွေကို အထပ်တိုင်းမှာရှိတဲ့ staircase လှေခါးတွေ နောက် smoke stop lobby ဒါမှ မဟုတ် fire fighting lobby  လို့ခေါ်တဲ့ မီးမလောင်နိုင်တဲ့အခန်းတွေ (အနည်းဆုံး ၂ နာရီခံနိုင်ရည်ရှိအောင် စီမံထားတဲ့အခန်း) တွေထဲမှာ ထားရတာက ဒီအခန်းတွေဟာ အလွယ်တကူ မီးမလောင်နိုင်တဲ့အတွက် မီးသက်သမားတွေအနေနဲ့ ပိုက်တွေတပ်တာ ပြင်တာဆင်တာကို လုပ်ဖို့ အချိန်ရသလို စိတ်လည်းချရတဲ့အနေအထားဖြစ်လို့ပါပဲ။ နောက်တစ်ခုက ဒီ    breeching inlet  ကနေ ခုနက  လှေခါး staircase smoke stop lobby  တို့ဆီသွားတဲ့တလျှောက် ဒီ  dry riser pipe  တွေကိုလည်း အနည်းဆုံး ၂ နာရီကြာ မီးလောင်ဒဏ်ခံနိုင်တဲ့  fire rated board တွေနဲ့ ပိတ်ထား (conceal)ရပါတယ်။



Dry riser ပိုက်အား fire rated board ဖြင့်ကာရန် ထားပုံ

ဒီ breeching inlet  ဟာ sprinkler system အတွက်လည်း ထားရှိရပါတယ်။ ဆိုလိုတာက မော်တာတွေ ပန့်တွေသုံးလို့ မရတော့လို ရေမရနိုင်တော့ဘူးဆိုရင် ဒီ breeching inlet တွေကနေ ရေသွင်းပေးဖို့ပါပဲ။

အဆောက်အဦး အမြင့်ကြီးတွေဆောက်ကြတဲ့အခါမှာ dry riser အစား wet riser ကို သုံးရပါတယ်။ ဒါပေမယ့် ဆောက်နေစဉ်ကာလမှာတော့ ဒီပိုက်ကို dry riser အဖြစ် အသုံးပြုရပါတယ်။ ဆောက်နေစဉ်အတွင်း မီးဘေးတစ်ခုခုဖြစ်ရင် ဒီပိုက်ကို သုံးပြီး မီးငြိမ်းရမှာဖြစ်ပါတယ်။ wet riser  ဆိုရင်တော့ breeching inlet မထားတော့ပဲ မော်တာတွေ ပန့်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီး ခုနက hose reel system   လိုပဲ အဆင်သင့်သုံးစွဲရုံပါပဲ။ မီးလောင်မှ ရေသွင်းနေရတာမျိုး လုပ်စရာ မလိုတော့ပါဘူး။ မော်တာနဲ့ မောင်းတင်ပေးပြီး မီးသက်သမားတွေက အပေါ်မှာ သတ်ရုံပါပဲ။ ကျန်တာကတော့ သဘောချင်း အတူတူပါပဲ။


Wet Riser

No comments:

Post a Comment